မော်လမြိုင် ၊ ဧပြီ (၉)

ကရင်အမျိုးသားအစည်းအရုံး KNU က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး အသုံးပြုခွင့်ကို ရပ်ဆိုင်ထားပေမယ့် အရဲစွန့်ပြီး ကုန်သွယ်မှုတွေ ဆက်လုပ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် အရပ်သားတွေအနေနဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါလေ လမ်းပိုင်း အသုံးပြုမှုကို မတ် ၂၇ ရက်နေ့ကစပြီး ရပ်ဆိုင်းထားဖို့ KNU က ထုတ်ပြန်ထားပါတယ်။

အဲဒီ အာရှလမ်းမကြီးမှာတော့ KNLA နဲ့ စစ်ကောင်စီတပ်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တိုက်ပွဲ ပြင်းထန်ခဲ့သလို နှစ်ဖက်တိုက်ပွဲအတွင်း ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အရပ်သား ပြည်သူ ၄ ဦး သေဆုံးခဲ့ပါတယ်။



အဆိုပါ လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပေမယ့် ကုန်တင်ကားတွေကတော့ အရဲစွန့်ပြီး ကုန်သွယ်နေကြတယ်လို့ ကုန်သည် တစ်ဦးက ပြောပါတယ်။

“ အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်နိုင်တာပေါ့၊ ကိုတို့ကုန်သည်တွေ အနေနဲ့ကျတော့ အဲ့လို စိုးရိမ်ရတာပေါ့၊ အဲ့ဒီအခါကျတော့ အခြေအနေကြည့်ပြီးတော့ သူများဆင်းရင်ဆင်း သူများတက်ရင်တက် သူများရပ်ရင်ရပ် အဲ့လိုမျိုး လုပ်နေရတာပေါ့၊ ဖြစ်ခါမှ ဖြစ်ရောဆိုပြီးတော့ အဲ့တာကြောင့်မို့ အဲ့ဒီစိုးရိမ်စိတ်နဲ့ လူတွေက ကုန်တွေကို ဝယ်လှောင်ထားတဲ့ အခါကျတော့ ကုန်ပစ္စည်းတွေက မကျဘဲနဲ့ ပြန်တက်နေတယ်”လို့ ဆိုပါတယ်။

အဲ့ဒီလို ကုန်သွယ်မှုကြောင့် ထိုင်းကုန်ပစ္စည်းတချို့ ဝင်ရောက်မှု ရှိလာပေမယ့် ကုန်တင်ကားခ ဈေးနှုန်းမြင့်တက်တဲ့ အတွက်ကြောင့် ကုန်ပစ္စည်းဈေးနှုန်းတွေလည်း ဈေးကွက်မှာ ဆက်တိုက် မြင့်တက်လာပါတယ်။

ဈေးကွက်အတွင်းမှာတော့ ယိုဒယားကုန်ပစ္စည်းတွေဟာ တန်ဖိုးအပေါ်မူတည်ပြီး အနည်းဆုံး ကျပ် ၁၀၀၀ ကနေ ၁၀၀၀၀ လောက်ထိ ဈေးနှုန်း မြင့်တက်လာပါတယ်။

ထိုင်းနိုင်ငံဟာ မြဝတီနယ်စပ်က တဆင့် မြန်မာနိုင်ငံထဲကို အခြေခံ စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် ပစ္စည်းနဲ့ ဆောက်လုပ်ရေးသုံး ကုန်ကြမ်း ပစ္စည်းတွေကို တင်သွင်းနေတာ ဖြစ်ပြီး မြန်မာနိုင်ငံကတော့ ပြောင်း အပါအဝင် စိုက်ပျိုးရေး ထွက်ကုန်တွေကို အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.