မော်လမြိုင် ၊ ဧပြီ (၉)

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်အင်အား အလုံးအရင်းနဲ့ ထပ်မံတိုးချဲ့ လာတာကြောင့် နှစ်ဖက် စစ်ရေး ပိုမို တင်းမာလာသလို ပြင်းထန်တဲ့ တိုက်ပွဲဖြစ်လာဖို့ ဦးတည်နေတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဒီမော့ဆိုမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လကုန်စကပြီး စစ်ကောင်စီဘက်က စစ်အင်အား ရာနဲ့ချီ ထပ်မံ တိုးချဲ့လာတာ ဖြစ်ပါတယ်။

စစ်အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်ဟာ နယ်မြေဖြန့်ပြီး လုံခြုံရေးယူထား တာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနှင့် နှစ်ဖက် စစ်ရေး ပိုမို တင်းမာလာတာ ဖြစ်တယ်။

စစ်ကောင်စီဘက်က စစ်အင်အား တိုးချဲ့လာတာကြောင့် ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားပြီး မကြာမီကာလအတွင်း ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်လာဖို့ ရှိတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။



“ သူတို့ဘက် အင်အားအလုံးအရင်းနဲ့ ထပ်ဖြည့်လာတာ များတယ်။ ကျွန်တော်တို့လည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားတယ်။ ပြောက်ကျားအနေနဲ့လည်း သွားပစ်နေတာတွေ ရှိတယ်။ တိုက်ပွဲက ပိုပြင်းထန်လာဖို့ ရှိပါတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ တတိယအပတ်ကစပြီး တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ ဒီမော့ဆိုမြို့နယ်ကိုတော့ စစ်ကောင်စီဘက်က စစ်အင်အား ရာနဲ့ချီ တိုးချဲ့လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီမော့ဆိုမြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကလည်း ကျေရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပါတယ်။

ကရင်နီပြည်နယ်တဝန်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၂ သိန်းကျော်ဟာ ဘေးလွတ်ရာ နေရာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ ပုန်းခိုနေရသလို စားနှပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုကို ကြုံတွေ့နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.