မိခင်ဘာသာစကားအခြေပြု ဘာသာစကားမျိုးစုံပညာရေး Mother tongue-based multilingual education သည် အဘယ်ကြောင့် အရေးကြီးပါသနည်း။ ပြုပြင်ပြောင်းလဲမယ့် မြန်မာ့ပညာရေးဟာ အသွေးအရောင်စုံယဉ်ကျေးမှုပညာရေး ဖြစ်ဖို့ဆိုရင် MTB-MLE ဟာ အခရာတစ်ချက်ဖြစ်တယ်။

အထူးသဖြင့် ဖက်ဒရယ်ပညာရေးအတွက် မိခင်ဘာသာစကားအရေးကို အဦးအစ ထည့်သွင်းစဉ်းစားရပါမယ်။ အာရှဘာသာစကားမျိုးစုံအလုပ်အဖွဲ့ရဲ့ တာ၀န်ရှိသူတစ်ယောက်အမြင်ကို ဘာသာပြန်ဖေါ်ပြလိုက်တယ်။

အထက်ပါမေးခွန်းမှာ အာရှဘာသာစကားမျိုးစုံပညာရေး အလုပ်အဖွဲ့၏ ကိုအောဒီနိတ်တာအနေဖြင့် ကျွန်တော် တာဝန်ထမ်းဆောင်နေခဲ့စဉ် ငါးနှစ်တာ ကာလတွင် မကြာခဏပင် မေးမြန်းခြင်းခံခဲ့ရသော မေးခွန်းဖြစ်ပါ၏။ အရှေ့ တောင်အာရှ ဒေသတွင်းရှိ လူမျိုးစုနှင့် ဘာသာစကား လူနည်းစုတို့၏ ပညာရေး အရည်အသွေးတိုးတက်စေရန် အတားအဆီးများကို ဖယ်ရှားနိုင်ရန် အလုပ်အဖွဲ့က စည်းရုံး လှုံ့ဆော်ဆောင်ရွက်ပါသည်။

ကျွန်တော့်ရဲ့ ဇာတ်လမ်းကို စတင် ပြောပြပါရစေ။ တောင်ကိုရီးယား နိုင်ငံကနေ ကနေဒါနိုင်ငံကို ကျွန်တော့်ရဲ့ မိသားစု ရွှေ့ပြောင်းအခြေချ နေထိုင် လာခဲ့စဉ်တုန်းကပါ။ ဘ၀တစ်သက်တာမှာ အင်မတန်မှကိုပဲ စိတ်ပျက်အားလျော့စရာ၊ အထီးကျန်ဆန်ဖြစ်မှု၊ သူစိမ်းသဖွယ် ကျဉ်ဖယ်ခံရမှုတွေကို ရင်ဆိုင်ခဲ့ရတယ်။ မတူကွဲပြားတဲ့ ဘာသာစကားပြောကြတဲ့ အခြားဂြိုဟ်တစ်ခုခုပေါ်မှာ ကျွန်တော် လမ်းပျောက်နေတာများလားလို့ ခံစားမိပါတယ်။ ဆရာမနဲ့ အတန်းဖေါ်တွေရဲ့ ပြောဆိုနေသံတွေကိုတော့ ကြားမိပါရဲ့။ ဒါပေသိ သူတို့နဲ့ဆက်သွယ်ပြောဆိုဖို့ ဆိုတာကိုတော့ မလုပ်နိုင်ခဲ့ပါဘူး။ တခါတုန်းက တက်တက်ကြွကြွနဲ့ စကားတွေ အင်မတန်ပြောတဲ့ ကျောင်းသားတစ်ဦး ဖြစ်ခဲ့ဖူးတဲ့ ကျွန်တော်ဟာ တိတ်ဆိတ်ငြိမ် သက်လို့ ရှက်ရွံ့ အားငယ်နေပါတော့တယ်။ ကျောင်းဟာ အရင်တုန်းကလိုမျိုး ပျော်ရွှင်ရာ နေရာ မဟုတ်တော့ဘူး။ အချိန်တိုင်းလိုလိုမှာ ဘေးဖယ်ထားခြင်း ခံစားနေရတယ်။

လ အနည်းငယ်အကြာမှာတော့ ကျွန်တော် နည်းနည်း တိုးတက်လာခဲ့တယ်။ ကိုရီးယား မိခင်ဘာသာစကားနဲ့ အရေးအဖတ်ဘာသာ၊ သင်္ချာစွမ်းရည်တွေမှာ ကျွန်တော် ထူးချွန်ထက်မြက်တာကို အသုံးချပြီး အယူအဆတွေကို ဘာသာပြန်လိုက်ပါတယ်။ အင်္ဂလိပ်စာ လေ့လာရာမှာ လိုက်လာနိုင်တယ်။ ဆရာဆရာမများ၊ အတန်းဖေါ် သူငယ်ချင်းများနဲ့ မိဘများရဲ့ ကူညီပံ့ပိုးပေးမှုတွေနဲ့ တဖြည်းဖြည်းချင်း စကားစပြောလာနိုင်ပြီ။ အတန်းထဲမှာ လက်ထောင်တတ် လာပြီ။ နောက်ဆုံးမှာတော့ အတန်းသားအဖြစ် ပါဝင်မှုနဲ့ ကနေဒါ လူ့အဖွဲ့အစည်းဝင် အဖြစ်ကို ခံစားမိတော့ပါတယ်။

“ပညာရေးမှတဆင့် ပါဝင်လေ့လာခွင့် – ဘာသာစကားသည် အရေးကြီးသည်” Inclusion in and through education: Language counts ဆိုပြီး ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ နိုင်ငံတကာ မိခင်ဘာသာ စကားနေ့မှာ ဆောင်ပုဒ် ထားခဲ့တယ်။ ကျွန်တော့်ရဲ့ ဘ၀အတွေ့အကြုံကို ရောင်ပြန်ဟပ်တာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်ဘာသာစကားနဲ့ ပညာသင်ကြားခွင့် မရရှိကြတဲ့ လူသား သန်းထောင်ပေါင်း ၂ ဒသမ ၃ အရေအတွက် ရှိတဲ့သူတွေရဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုအတွက်လည်း တင်ပြလိုက်တာဖြစ်တယ်။ ဘေးဖယ်ထားခြင်း ခံစားနေရသူတွေ။ သူတို့ အများစု ကြီး အတွက်ကတော့ ကျွန်တော် ရင်ဆိုင်ကြုံတွေ့ခဲ့ရတာတွေထက်ကို ပိုပြီး ဆိုးရွား လွန်းလှတယ်။ ဆင်းရဲငတ်ပြတ်မှုနဲ့ အခြား အတားအဆီးများကိုလည်း ခံစားကြရ သူတွေပါ။

ဘာသာစကားဟာ အားလုံးအကျုံးဝင် ပါဝင်လေ့လာခွင့် inclusion အတွက် အခရာဖြစ်တယ်။ ကလေးတွေဟာ နားမလည်နိုင်ဘူးဆိုရင် သင်ယူလေ့လာ နိုင်ကြမှာ မဟုတ်ပါဘူး။ ကံဆိုးတာတစ်ခုကတော့ ဘာသာစကားတစ်မျိုးတည်းပဲ ရှိနေတဲ့ ပညာရေးစနစ်များမှာ ဘာသာစကား ကိုယ်တိုင်သည်ပင်လျှင် လူမျိုးစု ကလေးငယ်များအတွက် အရည်အသွေး ပြည့်မီတဲ့ပညာရေးကို ရရှိ ခံစားနိုင်ဖို့မှာ အတားအဆီး များစွာကို ဖြစ်စေတာပါ။ ဒီကလေးငယ်များဟာ ကျောင်းနေခွင့် ရရှိခဲ့ရင်တောင်မှ အတန်းတွင်း ညွှန်ကြားချက်တွေမှာ လိုက်ပါ လုပ်ဆောင်နိုင် ခြင်း မရှိဘူး၊ ပညာရေးစနစ်ရဲ့ အပြင်ဖက်ကို တွန်းပို့ခြင်း ခံလိုက်ရတော့တယ်။ အကျိုးဆက်ကတော့ ပိုပြီးတော့ကို ဘေးဖယ်ထားခြင်း ခံစားရပြီး လူ့အဖွဲ့အစည်း ကနေ ထုတ်ပယ်ခံလိုက်ရခြင်းပါပဲ။

ဘာသာစကား အတားအဆီးအပေါ်မှာ အခြားသော ဘေးဖယ်ထားခြင်း ဖြစ်စေတဲ့ အချက်အလက်တွေ (ဥပမာ – လိင်ကွဲပြားမှု၊ လူမျိုး၊ မသန်စွမ်းဖြစ်ခြင်းနဲ့ ဒေသ အလှမ်းကွာဝေးခြင်း) ကို ထပ်ပေါင်းထည့်လိုက်တဲ့ အခါမှာတော့ ကလေးငယ်များရဲ့ မူလတန်းအဆင့် တက်ရောက်ပြီး အတန်းပြီးအောင် သင်ကြားခွင့်ဟာ အင်မတန်မှကို လျော့ကျသွားရပြီ။ မကြာသေးခင်က ယူနက်စကိုရဲ့ စာရင်းဇယားအရ အိန္ဒိယနိုင်ငံနဲ့ လာအိုနိုင်ငံများက လူနည်းစု ကလေးငယ်များရဲ့ ကျောင်းထွက်နှုန်းဟာ ၂ ဆ၊ ၃ ဆအထိကို မြင့်မားနေပါတယ်။

ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကို ပြန်လှန် သုံးသပ်ကြည့်လိုက် တဲ့အခါမယ် ဘာသာစကားတစ်မျိုး – ပညာရေးစနစ်တစ်ခုကနေ – အခြားဘာသာ စကားတစ်မျိုးကို အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ဖို့ လိုအပ်တဲ့ အချက်အ လက်တွေကို ကျွန်တော် သိမြင် သဘောပေါက်လာတော့တယ်။ ကျွန်တော့်ရဲ့ မိခင်ဘာသာစကားအပေါ်မှာ ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ် တတ်ကျွမ်းထားခြင်း ပါပဲ။ ကျွန်တော့်ရဲ့ မူလတန်း ခြောက်နှစ်တာ ကာလမှာ အချက်အလက်များနဲ့ စိတ္တဇဆန်တဲ့ အတွေးအခေါ်၊ အယူအဆတွေကိုပါ ဆုပ်ဆုပ်ကိုင်ကိုင် သိမြင် နားလည်နိုင်ခဲ့တယ်။ ဒုတိယဘာသာစကားဆီကို ကူးပြောင်းနိုင်တဲ့ ဝေါဟာရ များနဲ့ အယူအဆများကို လေ့လာမှတ်သားခွင့် ရရှိခဲ့တယ်။

ဒီအခြေခံမိခင်ဘာသာစကားအုတ်မြစ်မရှိခဲ့ဘူးဆိုရင်တော့ကျွန် တော့်အတွက် အင်မတန်မှကို အခက်အခဲ ဖြစ်ခဲ့မှာ။ ရှေ့ဆက်ပညာရေးခရီးနဲ့ ဘာသာ စကား ၂ မျိုးကို ကျွမ်းကျွမ်းကျင်ကျင် ရုံးသုံးအဆင့် အသုံးပြုနိုင်ဖို့ရာ လွယ်ကူမှာ မဟုတ်ပါဘူး။

မူလတန်းအဆင့်များမှာ မိခင်ဘာသာစကားနဲ့ သင်ကြားခြင်းဟာ ကျောင်းထွက်နှုန်း လျော့ကျစေပြီး ဘေးဖယ်ခံထားရတဲ့ လူမျိုးစုများအတွက် ပိုမို စိတ်ဝင်စားဖွယ် ဆွဲဆောင်ဖွယ်ရာ ပညာရေးဖြစ်တာကို သုတေသနများကလည်း ပိုပြီးတော့ ထောက်ပြထားကြပါတယ်။ မိခင်ဘာသာစကား အခြေပြု ဘာသာ စကားမျိုးစုံ သင်ကြားခြင်း Mother tongue-based multilingual education ကြောင့် ကလေးများဟာ ဒုတိယဘာသာစကားမှာ ပိုမို ထူးချွန် ထက်မြက်ကြပါတယ်။ ကံမကောင်း အကြောင်းမလှသေးတာကတော့ဖြင့် လူမျိုးစု ကလေးငယ်များစွာအတွက် ဒီအခွင့်အရေးဟာ လျစ်လျူရှု ခံထားနေရဆဲပါပဲ။

ကျွန်တော့်ရဲ့ အမေ့ဘာသာစကားနဲ့ သင်ယူလေ့လာနေခဲ့စဉ်မှာ မိဘများကလည်း သားရဲ့ ပညာရေးမှာ တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်နိုင်ကြတယ်။ နိုင်ငံရွှေ့ပြောင်း မလာခင်အထိပေါ့။ ဒီလို မိဘများရဲ့ ပညာရေးမှာ ပါဝင် ဆောင်ရွက်မှုဟာ ကလေးငယ်ရဲ့ အသိဉာဏ်နဲ့ လူမှုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အင်မတန်မှကို အရေးပါလှတယ်။ ကျောင်းသားများရဲ့ ရှေ့ဆက် ပညာရေးနဲ့ ကျောင်းပညာရေး ဆုံးခန်းတိုင်အောင် နေနိုင်ခြင်းအတွက်လည်း အကျိုးများတယ်။ ရွှေ့ပြောင်းလာတဲ့ လူမျိုးစု မိဘများမှာတော့ ဒီလို အထောက် အပံ့တွေကို မပေးနိုင်ရှာပါဘူး။

MTB-MLE အစီအစဉ်တွေဟာ အိမ်၊ ကျောင်းနဲ့ ပင်မ လူ့အဖွဲ့အစည်း အကြားက မတူညီတဲ့ ယဉ်ကျေးမှု အကွာအဝေး ချောက်ကမ္ဘားကိုလည်း ဆက်သွယ် ပေါင်းကူးပေးထား ပါတယ်။ သင်ယူလေ့လာမှုမှာတင် တိုးတက်စေတာ မဟုတ်ပါဘူး။ အမြင်သဘောထားတွေ ကျယ်ပြန့်လာစေတယ်။ သည်းခံခြင်း ခန္တီတရား ထွန်းကားစေတယ်။ မတူကွဲပြားတဲ့ ဗဟုယဉ်ကျေးမှုစုံဖြစ်ခြင်းအပေါ်မှာ အပြန်အလှန် လေးစားမှုနဲ့ ဆက်ဆံလာနိုင်တယ်။ ငြိမ်းချမ်းရေး ယဉ်ကျေးမှုကို မြှင့်တင်ပေးနိုင်စွမ်းလည်း ရှိနေတယ်။ တရားမျှတမှု ရှိပြီး အားလုံးပါဝင်ဆောင်ရွက်ခွင့် ရှိနေတဲ့ လူ့အဖွဲ့အစည်းကိုလည်း တည်ထောင်ခြင်းလို့ ပြောနိုင်ပါတယ်။

အဦးအစမှာတော့ ဘာသာစကားစုံ ပညာရေးဟာ ဘာသာစကား တစ်မျိုးတည်း ပညာရေးထက်တော့ ငွေကုန်ကြေးကျ များနိုင်ပါတယ်။ ဒါပေမယ့် ရေရှည် အကျိုးအမြတ်တွေကတော့ မူလအရင်းအနှီးထက်ကို များစွာ သာလွန် နေ တယ်။ ဘာသာစကားမျိုးစုံ သင်ကြားရေး သင်ထောက်ကူတွေကိုလည်း ပံ့ပိုးပေးသင့်ပါတယ်။ ဘာသာစကားများ ပေါများကြွယ်၀တဲ့ တိုင်းပြည်များမှာ ဘာသာစကားတစ်မျိုးတည်း သင်ကြားခြင်းဟာ ရေရှည်အတွက် အလားအလာ မကောင်းပါဘူး။ ဒါ့ကြောင့် MTB-MLE အစီအစဉ်တွေဟာ ရေရှည်မှာ သိသိသာသာကြီးကို အကျိုးများလှတယ်။ အတိတ်ကာလများတုန်းက မိမိရဲ့ ကိုယ်ပိုင် ပင်ကိုယ် အရည်အချင်းတွေကို ထုတ်ဖေါ်ပြသခွင့် မရှိခဲ့တဲ့ လူမျိုးစု ကျောင်းသား သန်းပေါင်းများစွာရဲ့ စွမ်းရည်တွေဟာ တိုင်းပြည်အတွက် ဖြစ်လာ မယ်။ အရှေ့တောင်အာရှရဲ့ ဘာသာစကားမျိုးစုံပညာရေး MLE မှာ ကျွန်တော် ပါဝင်ဆောင်ရွက်ခွင့် ရရှိခဲ့တာဟာ တကယ့် အခွင့်အရေးတစ်ခုပါ။ ကမ္ဘာပေါ်မှာ ဘာသာစကားများ ပေါကြွယ်၀လှတဲ့ ဒေသကြီးမဟုတ်လား။ လွန်ခဲ့တဲ့ ဆယ်စုနှစ် မှာ ပြန်လည် ရှင်သန်နိုင်ဖို့ တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြတာပါ။ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံများမှာ အစိုးရများရဲ့ အကူအညီတွေ ပိုမို ရရှိလာခဲ့ပြီး ဘာသာစကား မူဝါဒ ဖွံ့ဖြိုးအောင် ဆောင်ရွက်နေကြတယ်။ ကလေးများရဲ့ သင်ယူရေးနဲ့ ဆရာများရဲ့ သင်ကြားရေးမှာ ကြားခံမဏ္ဍိုင်ဘာသာစကားဟာ တူညီဖို့ရာအတွက် ကြိုးစားနေကြတယ်။

ဒီလို အောင်မြင်မှုများဟာ တချိန်တခါတုန်းဆီက အခြားပြင်ပ ဂြိုဟ်ကမ္ဘာ တစ်ခုမှာ ရှင်သန်ထိုင်ရတာမျိုး ခံစားခဲ့ကြတဲ့ ကလေးများဟာ ပိုမိုကြိုဆိုမှုရှိတဲ့ မြေကမ္ဘာမှာ ရှင်သန် သက်ဝင်လှုပ်ရှား ကြီးပြင်းလာနေကြပြီ။ ငယ်ရွယ်တဲ့ စာသင်သားများနဲ့ သူတို့ရဲ့ အနီးစပ်ဆုံး လူ့အဖွဲ့အစည်းများစွာကိုလည်း အကျိုးများစွာ ဖြစ်ထွန်းလို့ နေပါတော့တယ်။

သိန်းနိုင် (မောက္ခပညာရေး)

ဖက်ဒရယ်ပညာရေး အပိုင်း (၂၀) သံလွင်တိုင်းမ်ဂျာနယ်၊ နို၀င်ဘာ ၂၀၁၅ မှ ဖော်ပြခဲ့သည်။

Ref: Mother tongue-based learning: Key to linguistic succes, BKK post 2014

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.