၂၀၂၂ ခု ဖေဖော်ဝါရီလ(၁၆) ရက်သည်(၇၅)ကြိမ်မြောက် မွန်အမျိုးသားနေ့ပြီး မွန်တစ်မျိုးသားထုတစ်ရပ်လုံး၏ တန် ဖိုးမဖြတ်နိုင်သော နေ့ထူးနေ့မြတ် ဖြစ်သည်၊ သမလ၊ဝိမလ ညီနောင်နှစ်ပါး ဟံသာဝတီမွန်နိုင်ငံတော် ထူထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခု တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး အမျိုးသားနေ့အခမ်းအနားကို စည်းကားသိုက်မြိက်စွာ ကျင်းပလာခဲ့ကြသည်မှာ ယနေ့ဆို (၇၅)နှစ် ပြည့်ပြီး ဖြစ်သည်။

မွန်လူမျိုးတို့၏ အမျိုးဂုဏ်၊ ဇာတိသွေး၊ ဇာတိမာန်မြင့်မားရေးနှင့် မွန်ကြမ္မာ မွန်ဖန်တီးခွင့် အပြည့်အဝရှိသော မွန်ပြည် ပေါ်ပေါက်ရေး ရည်ရွယ်ချက်များဖြင့် မွန်အမျိုးသားထုတစ်ရပ်လုံးက အမျိုးသားနေ့အခမ်းအနားကို ကျင်းပကြပါသည်။

အခမ်းအနားတွင် မွန်အမျိုးသားအလံနှင့် မွန်ပြည်ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားသော မျိုးချစ်ရဲဘော်အာဇာနည်သူရဲကောင်းများကို ဦးညွှတ်အလေးပြုပြီး မွန်ပြည်ပေါ်ပေါက်ရေးခရီးကို ဆက်လှမ်း လျှောက်မည်ဟု ကတိပြုကြပါသည်။ ၎င်းအပြင် မွန်နိုင်ငံရေးအဖွဲ့အစည်းမျာ၊ လူထုအခြေပြုအဖွဲ့စည်းများက လက်ရှိနိုင်ငံရေးနှင့် ၎င်းတို့အဖွဲ့အစည်းဆိုင်ရာ သဘောထားများကို ထုတ်ပြန်ကြပါသည်။

လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အပေါ် အခိုင်အမာရပ်တည်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှု တံခါးဖွင့်

မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်တွင် အချုပ်အခြာအာဏာ အပြည့်အဝနှင့် မင်းချင်းထီးနန်းဖြင့် နေထိုင်လာ သော လူမျိုးမှ အမျိုးသားစည်းလုံညီညွတ်မှု ပြိကွဲ၍ သက္ကရာဇ် ၁၁၁၉ ခု နှစ်မှ ယနေ့တိုင် မွန်လူမျိုးတို့ အချုပ် အခြာအာဏာပိုင် ဆုံးရှံးခဲ့သည်ကို အစချီပြီး မွန်နိုင်ငံတော် ပြည်လည်တည်ထောင်နိုင်ရေးအတွက် ခေတ်အဆက် ဆက်မှ ယနေ့အထိတိုင် တိုက်ပွဲဝင်ရုန်းကန်ဆဲဟုဆိုကာ ခေတ်သစ်နိုင်ငံရေးတွင် မွန်ပြည်သစ်ပါတီက လက်နက် ကိုင် တော်လှန်ရေးလမ်းစဉ်များ ဆက်လက်တာဝန်ယူနေသည်ဟု ဆိုပါသည်။

ကမ္ဘာ့နိုင်ငံရေးနှင့် ပြည်တွင်းနိုင်ငံရေးအလှည့်အပြောင်း၏ သက်ရောက်မှုကြောင့် မွန်ပြည်သစ်ပါတီက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်အတွက် ဘဝတူ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း များနှင့် အတူ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး(NCA) စာချုပ်ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခဲ့ပါသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးဆွေးနွေးမှု ရပ်ဆိုင်းခဲ့ရပြီး နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများအပေါ် အင်အားသုံးအကြမ်းဖက် နှိမ်နှင်း ဖြိုခွင်းမှုများကြောင့် ပြည်သူလူထု၏လက်နက်ကိုင်ခုခံတော်လှန်မှုပေါ်ပေါက်ရပြီး တိုင်းပြည်အခြေအနေ အကြပ် အတည်း ဆိုက်ရောက်စေကာ ဘက်ပေါင်းစုံ ယိုယွင်းမှုနှင့်ကြုံနေရသည်ဟု ထောက်ပြထားပါသည်။

လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အပေါ် အခိုင်အမာရပ်တည်ပြီး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှုအတွက် တံခါးဖွင့်ထားပြီး NCA စာချုပ်၏အနှစ်သာရဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အဖြေ ရှာရေး၊ နိုင်ငံရေးဆွေးနွေးပွဲများမှာ သက်ဆိုင်သူအားလုံးပါဝင်ရေး၊အရပ်သားများကို အကာအကွယ်ပေးရေး အချက်များကို ခိုင်မာစွာဆုပ်ကိုင်ထားသလို ဘဝတူတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားပါသည်။

နိုင်ငံတော်အာဏာလွဲပြောင်းရယူခဲ့သည့်အခြေအနေအား ပကတိအရှိတရားဟု (MUP) ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းထားသည့် မွန်ညီညွတ်ရေးပါတီ (MUP) ကမူ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့ စစ်အာဏာသိမ်းခြင်းကို တပ်မတော်မှ နိုင်ငံတော်အာဏာ လွဲပြောင်းရယူခဲ့သည့်အခြေအနေအား ပကတိ အရှိတရားဟု ရှုမြင်ပြီး ၎င်းအပေါ်ဆင်ခြင်သုံးသပ်ပြီး မွန်အမျိုးသားအကျိုးစီးပွားနှင့် စစ်မှန်သည့်ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စုအတွက် သိမ်မွေ့ညင်သာသော တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကို ဆက်လက်ရုန်းကန် ရ မည်ဟု ၎င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

၎င်းအပြင် မွန်တို့မျှော်မှန်းသည် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးမှာ အမျိုးသားစည်းလုံးညီညွတ်ရေးသည် သာ အဓိကကျသဖြင့် ညှိနှိင်းအဖြေရှာကြဘို့ တိုက်တွန်းထားသည်ကို တွေ့ရပေသည်။

ဖက်ဒရယ်ချာတာနှင့် လမ်းပြမြေပုံသာ စစ်မှန်သည့် ဖက်ဒရယ်မွန်ပြည် ရောက်နိုင်

မွန်လူထုအခြေပြုအရပ်ဖက်အစည်းများလည်း အမျိုးသားနေ့ထုတ်ပြန်ချက်များကို ထုတ်ပြန်ကြပါသည်။ မွန် ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(MSICC)၏ ထုတ်ပြန်ချက်တွင် မွန်တို့၏ အမျိုးသားတန်းတူ အခွင့်အရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒကို မွန်လူမျိုးတို့က ခေတ် အဆက်ဆက် တွန်းလှန်ခဲ့ကြသော်လည်း ယနေ့အချိန်အထိ မရရှိသေးပေ။

အာဏာစနစ်အမြစ်ပျောက်ရေးနှင် မဟာလူမျိုးကြီး ဝါဒပပျောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်၊ မွန်ပြည်နယ်သူ/သားများ၏ ကံကြမ္မာကို မွန်ပြည်နယ်သူ/သားများ ဖန်တီးနိုင်ခွင့်ရှိသော ဖက်ဒရယ်မွန်ပြည် ပေါ်ပေါက်လာရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်နှင့် ၎င်း၏လမ်းပြမြေပုံအတိုင်း ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် မွန်ပြည် နယ်အတွင်းရှိ မွန်လူမျိုးများ၊အခြားတိုင်းရင်းသားလူမျိုးများနှင့်အတူ ပူးပေါင်းလက်တွဲပြီး ဆက်လက် တိုက်ပွဲဝင် သွားမည်ဟု ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

မွန်လူထုအရပ်ဖက်အဖွဲ့အစည်းဖြစ်သော မွန်အမျိုးသားကွန်ရက်(MNN)၊ မွန်အမျိုးသားကောင်စီ(သြစတေးလျ)၊ အာဏာရှင်မှန်သမျှ ဆန့်ကျင်သော မွန်လူငယ်အင်အားစု(MAD)၊ ရာမညဖက်ဒရယ်အင်အားစုသစ်(NRFF)တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ၂၀၂၁ ခု ဖေဖော်ဝါရီလ စစ်အာဏာသိမ်းခြင်းသည် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ထာဝရ ကြီးစိုးနိုင်ရန်နှင့် စစ်အာဏာရှင်စနစ်ကို အကာအကွယ်ပြုနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုမိုခိုင်မာ အောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် မွန်လူမျိုးများ မျှော်မှန်းထားသည့် တန်းတူ အခွင့်အရေးကို အာမခံနိုင်သောစစ်မှန်သော ဖက်ဒရယ်မွန်ပြည်ကို ရောက်ရှိနိုင်မည်မဟုတ်ဟု (၁၀) စုနှစ်ကြာ အတွေ့အကြုံများက သက်သေထူနေသည်ဟု ဆိုသည်။

(NCA) စာချုပ်အပေါ် အခြေခံသည့်ငြိမ်းချမ်းရေး ဆွေးနွေးမှုများသည် မွန်လူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုး များအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥဒေသို့ ဆွဲသွင်းသည့်လမ်းကြောင်းဖြစ်သည်ဟု ရှုမြင်သည်။ ၎င်းအပြင် စစ်ကောင်စီနှင့်ပူးပေါင်းသော မွန်နိုင်ငံရေးအင်အားစုသည်လည်း စစ်အာဏာရှင်သက်ဆိုးရှည်ရေးကို အထောက် အကူပြုသည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု ဆိုထားပါသည်။

ယနေ့တွင် စစ်အာဏာရှင်စနစ် အမြစ်ပျောက်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးက အပြင်းအထန် ဆန့်ကျင် တွန်းလှန်နေသည့်အချိန်အခါ ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီချာတာနှင့် ၎င်း၏လမ်းပြမြေပုံအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်မှသာလျှင် မွန်လူမျိုးတို့ မျှော်မှန်းနေသည့် စစ်မှန်သည့် ဖက်ဒရယ်မွန်ပြည်ကို ရောက်ရှိနိုင်မည်ဟု ၎င်းတို့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဖက်ဒရယ်မွန်ပြည်တည်ဆောက်ရေး လမ်းပြမြေပုံ

အမျိုးသားတန်းတူရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိရေး၊ စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုရေးသည် မွန်လူ မျိုးများ၏ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သော်လည်း ထိုဘုံရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် လက်ရှိနိုင်ငံရေးအခြေအနေတွင် မွန်နိုင်ငံရေးအင်အားစုများအကြား သဘောထားအမြင်များ ကွဲပြားနေပေသည်။

မွန်ပြည်သစ်ပါတီသည် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့်မူကို အခြေခံ၍ လက်နက်ကိုင်တော် လှန်ရေးလမ်းစဉ်အပေါ် အခိုင်အမာရပ်တည်ပြီး NCA ၏အနှစ်သာရဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း ဖြင့် ငြိမ်းချမ်းစွာ အဖြေရှာရေး၊ နိုင်ငံရေးဆွေးနွေးပွဲများမှာ သက်ဆိုင်သူအားလုံးပါဝင်ရေး၊ လက်ရှိနိုင်ငံရေး အ ခြေအနေတွင် အသစ်ပေါ်လာသည့် stakeholder အသစ်များ ပါလာနိုင်သည့်နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်း အသစ်တစ်ရပ်ကို တောင်းဆိုနေပေသည်။

မွန်ညီညွတ်ရေးပါတီကမူ စစ်တပ်အာဏာသိမ်းခြင်းကို လက်ခံထားပြီး ဤပကတိအရှိတရားအပေါ် ဆင်ခြင်သုံး သပ်ပြီး မွန်အမျိုးသားအကျိုးစီးပွားအတွက် သိမ်မွေ့ညင်သာသည့်နည်းလမ်းဖြင့် ကိုင်တွယ်ဆောင်ရွက်သွားရန် နှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို စေ့စပ်ညှိနှိင်းသည့်နည်းလမ်းဖြင့် တည်ဆောက်သွားမည့်ဟု ဆို သည်။ မည်သို့သော နည်းလမ်းများဖြင့် ဆွေးနွေးညှိနှိုင်းမည်ကို မပါရှိပေ။

မွန်အရပ်ဖက်အဖွဲ့အစည်းများကမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် မွန်လူမျိုးများမျှော်မှန်းသည့် စစ်မှန် သော ဖက်ဒရယ်မွန်ပြည်ကို ရောက်ရှိနိုင်မည်မဟုတ်သလို (NCA)အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် အခြေခံ သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများလည်း မွန်လူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးများအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥဒေသို့ ဆွဲသွင်းခံရသည့်လမ်းကြောင်းဟု ရှုမြင်ပြီး စစ်ကောင်စီနှင့်ပူးပေါင်းသော မွန်နိုင်ငံရေး အင်အားစု လည်း စစ်အာဏာရှင်သက်ဆိုးရှည်ရေးကို အထောက်အကူပြုသည့် လုပ်ဆောင်ချက်ဟု ဆိုထားပါသည်။

ဖက်ဒရယ်ဒီမိုကရေစီချာတာနှင့် ၎င်း၏လမ်းပြမြေပုံသည်သာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်နိုင်ပြီး မွန်လူမျိုးတို့ မျှော်မှန်းနေသည့် စစ်မှန်သည့်ဖက်ဒရယ်မွန်ပြည်ကို ရောက်ရှိနိုင်မည်ဟု အတိအလင်း ဆိုထားပါသည်။

၂၀၀ ဖွဲ့စည်းပုံအခြေခံဥပဒေနှင် စစ်အာရှင်စနစ်ကို ဖျက်သိမ်းနိုင်မှသာ ဖက်ဒရယ်မွန်ပြည် ရောက်နိုင်မည့် အမြင်နှင့် ဖက်ဒရယ်မွန်ပြည်ကို စစ်အာဏာရှင်နှင့်ပေါင်းပြီး ရနိုင်သည်ဆိုသည့်အမြင်သည် မည်သို့မျှစေ့စပ်လို့ မရသည့် ရန်ငါ အမြင်မျိုးဖြစ်သဖြင့် အမျိုးသားညီညွတ်ရေးတည်ဆောက်ရန်အတွက် အဟန့်အတား ဖြစ်စေပါ သည်။ ဘုံပန်းတိုင် နှင့်ဘုံရန်သူကွဲပြားနေပါက အမျိုးသားညီညွတ်ရေးကို မည်သို့မျှတည်ဆောက်နိုင်မည် မဟုတ် ပေ။

ဤသို့သောအခြေအနေတွင် အမျိုးသားစည်းလုံးညီညွတ်မှုနှင့် မွန်ပြည်တည်ဆောက်ရေးအတွက် နိုင်ငံရေးလမ်း ပြမြေပုံသည် မဖြစ်မနေ လိုအပ်ပေသည်။ နိုင်ငံရေးလမ်းပြမြေပုံဖြင့်သာ မွန်အမျိုးသားထုအကြား ဘုံရန်သူနှင့် ဘုံ လုပ်ငန်းစဉ်ကို ချမှတ်ပေးနိုင်ပြီး ဤမှသည် အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးနိုင်သည့်အပြင် ဖက်ဒရယ်မွန်ပြည်တည်ဆောက်ရေးလုပ်ငန်းလည်း ပီပြင်လာမည်ဖြစ်သည်။

နိုင်ဗညားမွန်

နိုင်ဗညားမွန်သည် မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ၏ဒါရိုက်တာ ဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.