ဘန်ဒါဆီရီဘီဂါဝန်၊ ဒီဇင်ဘာ ၃၁

ဘရူးနိုင်းအစိုးရသည် ပြည်တွင်း ပြည်ပခရီးသွားလာရေးနှင့်ပတ်သက်ပြီး အသစ်ထပ်မံပြဌာန်းထား သော လမ်းညွှန်များကို ထုတ်ပြန်ကြေငြာခဲ့ပြီး Travel Green မှ စင်ကာပူနိုင်ငံအပါအဝင် နိုင်ငံအတော် များများကို ယာယီအားဖြင့် ဖယ်ရှားထားခဲ့သည်။

ဘရူနိုင်း ဝန်ကြီးချုပ်ရုံး၏ ကြေငြာချက်တွင် လက်ရှိ ကိုဗစ် ၁၉ အခြေအနေကို ထည့်သွင်းစဥ်းစားပြီး အဓိကအားဖြင့် အခြားသောနိုင်ငံများတွင် ရောဂါကူးစက်မှုမြင့်တက်လာခြင်းနှင့် အိုမီခရွန်ကြောင့် ဖြစ်ပေါ်ရသော ခြိမ်းခြောက်မှု စသည်တို့ကြောင့် ကိုဗစ် ၁၉ ဦးဆောင်ကော်မတီသည် ဘရူးနိုင်း နိုင်ငံ ပြည်တွင်း/ပြည်ပ ခရီးသွားလာရေးဆိုင်ရာ Travel Green စာရင်းအတွင်းမှ နိုင်ငံများအားလုံးကို ယာယီအားဖြင့် ဖယ်ရှားရန် သဘောတူခဲ့သည်။

ဝန်ကြီးချုပ်ရုံး၏ ပြောကြားချက်တွင် “ဤဆုံးဖြတ်ချက်အရ နိုင်ငံများအားလုံးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ Travel Green စာရင်းတွင် ထည့်သွင်းခြင်းပြုထားမည်မဟုတ်”ဟူ ၍ ပါရှိသည်။

ဘရူးနိုင်းနိုင်ငံသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစတင်၍ Travel Green စာရင်းတွင် ပါဝင်သော ဩစတြေးလျ၊ တရုတ်၊ စင်ကာပူနှင့် ဗြိတိန်နိုင်ငံ စသည့်နိုင်ငံများသို့ ဝင်ထွက်သွားလာခွင့်ကို ကာကွယ် ဆေးထိုးနှံထားသော နိုင်ငံသားများ၊ ဘရူးနိုင်းနိုင်ငံအတွင်း အခြေချနေထိုင်သူများနှင့် နိုင်ငံခြားသားများ အားလုံးအတွက် ခွင့်ပြုထားသည်ဟုပြောကြားခဲ့သည်။

သို့သော်ငြားလည်း ယခုသီတင်းပတ် အစောပိုင်းတွင် အိုမီခရွန် ကိုဗစ် ၁၉ ပျံ့နှံ့မှုကြောင့် ဗြိတိန်နိုင်ငံကို Travel Green စာရင်းထဲမှ ထုတ်ပယ်ထားခဲ့ပြန်သည်။

ဝန်ကြီးချုပ်ရုံး၏ ပြောကြားချက်အရ အသစ်ပြင်ဆင်ထုတ်ပြန်ထားသော လမ်းညွှန်ချက်တွင် ခရီးသွား များသည် နိုင်ငံမှ မထွက်ခွာခင် ၄၈ နာရီအတွင်း RT-PCR စစ်ဆေးမှုကို ဆောင်ရွက်ရန်လိုအပ်သည်။

ထို့အပြင် အရေးကြီးသော ရည်ရွယ်ချက်များအတွက် ဘရူးနိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် နိုင်ငံခြား သားများအနေဖြင့်လည်း ခရီးသွားလာခြင်းဆိုင်ရာ ဝင်ရောက်ခွင့် အတည်ပြုချက်ကို ရယူထားရန် လိုအပ်သည်။

ပြည်တွင်းခရီးသွားလာသူများသည် သတ်မှတ်ထားသော ဟိုတယ်များတွင် သီးသန့် နေထိုင်ရန်လိုအပ် ပြီး နိုင်ငံအတွင်း ဆိုက်ရောက်ချိန်တွင် အာတီဂျင်စစ်ဆေးမှုကို ဆောင်ရွက်ရမှာ ဖြစ်သလို ရောက်ရှိပြီး ၅ ရက်အကြာတွင် PCR စစ်ဆေးမှုကို ဆောင်ရွက်ရမှာဖြစ်ပါသည်။

အရေးတကြီးသွားလာရန် လိုအပ်သော ပြည်ပခရီးစဥ်များကို နိုင်ငံသားများနှင့် ဘရူးနိုင်းနိုင်ငံ၏ အမြဲ တမ်းနေထိုင်ခွင့်ရရှိသူများကိုသာ ခွင့်ပြုထားပြီး ခရီးထွက်ခွာခွင့် အတည်ပြုချက် ရရှိရန်နှင့်၊ မထွက်ခွာမီ ၁၄ ရက်မှ ၃ လအတွင်း ကိုဗစ် ၁၉ ကာကွယ်ဆေး နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ထိ (Booster Shot) ထိုးနှံထားရမည်။

ဒီဇင်ဘာ ၂၈ ရက် နောက်ဆုံးသတင်းအရ ကိုဗစ် ၁၉ ကာကွယ်ဆေးကို အနည်းဆုံး တစ်ကြိမ်အထိ ထိုးနှံ ထားသူများမှာ ဘရူနိုင်းလူဦးရေ၏ ၉၄.၅ ရာခိုင်နှုန်းရှိပြီး နှစ်ကြိမ်အထိ ထိုးနှံသူများမှာ ၉၃.၄ ရာခိုင်နှုန်း ရှိ၍ သုံးကြိမ်အထိ ထိုးနှံထားသူမှာ ၁၇.၉ ရာခိုင်နှုန်းဟူ၍ အသီးသီးဖြစ်ကြသည်။

ဗုဒ္ဓဟူးနေ့အထိ ဘရူးနိုင်းနိုင်ငံအတွင်း အတည်ပြုထားနိုင်သော ကိုဗစ် ၁၉ ကူးစက်မှုဖြစ်စဥ်များမှာ ၁၅,၄၆၅ ဦးအထိရှိသည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.