မော်လမြိုင်၊ ဇူလိုင် ၃

အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် နောက်ထပ် ပိတ်ဆို့အရေးယူမှုတွင် စစ်ကောင်စီခေါင်းဆောင်များနည်းတူ စစ်ကောင်စီအရပ်သားအဖွဲ့ဝင်များထဲတွင် ကောင်စီဝင်ဒေါက်တာဗညားအောင်မိုးလည်း ပါဝင်လာခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်မှာ တွေ့ရသည်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသည် စစ်တပ်နှင့်၎င်းခေါင်းဆောင်များအနေဖြင့် လက်ရှိလမ်းကြောင်းကို နောက်ပြန်မလှည့်မချင်း၊ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက်မပံ့ပိုးမချင်း ၎င်းတို့အပေါ် ထပ်မံအရေးယူမှုများနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက်ချမှတ်သွားမည်ဖြစ်ကြောင်း ထပ်မံပြသခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ပိုင်ဆိုင်မှုများကိုထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ စစ်အာဏာသိမ်းမှုနှင့်ဆက်နွှယ်သော လူပုဂ္ဂိုလ် ၂၂ ဦးကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုကြောင့် ဒေါက်တာဗညားအောင်မိုးအနေဖြင့် အမေရိကန်နိုင်ငံတွင်း ပတ်သက်ဆက်စပ်မှုတွေ ရုပ်သိမ်းခံရမှာဖြစ်ပြီး သွားလာခွင့်တွေလည်း ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၂၂) ရက်နေ့ကလည်း ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုတွင်  မြန်မာစစ်ခေါင်းဆောင် ၁၁ ဦးနှင့်အတူ ဒေါက်တာဗညားအောင်မိုးလည်း အရေးယူပိတ်ဆို့မှု ခံခဲ့ရပါသေးတယ်။

ဥရောပသမဂ္ဂ၏ အရေးယူမှုတွင် ဥရောပ သမဂ္ဂနယ်နိမိတ်အတွင်း ခရီးသွားလာဖြတ်သန့်ခွင့် ပိတ်ပင်ထားပြီး ဥရောပသမဂ္ဂ အဖွဲ့ ဝင် နိုင်ငံများရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုငွေကြေးနှင့် စီးပွားရေးများကိုလည်း ထိန်းချုပ်ထားပြီး အရေးယူခံရသူများနှင့် ပတ်သက်ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းများထံသို့ EU အဖွဲ့ဝင်နိုင်ငံသားပိုင် ကုမ္ပဏီများမှ ငွေကြေး လွှဲပြောင်းပေးမှု အားလုံးကိုပါ ကန့်သတ် တားမြစ်ထားကြောင်းသိရသည်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.