မော်လမြိုင် ၊ မတ် (၃)
မွန်ပြည်နယ်အတွင်းက မြို့နယ်အားလုံးမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းဖို့ ဆောင်ရွက်နေကြပါတယ်။
လက်ရှိမှာတော့ သထုံ ၊ ကျိုက်မရော နဲ့ ပေါင်မြို့နယ်တို့မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။
အဆိုပါ အုပ်ချုပ်ရေးအဖွဲ့တွေမှာတော့ NLD ပါတီ အနိုင်ရ ကိုယ်စားလှယ်တွေ ပါဝင်ပြီး ရပ်မိရပ်ဖတွေ ၊ ဥပဒေ ပညာရှင်တွေ နဲ့ အရပ်ဘက် ကိုယ်စားပြု ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။
အဆိုပါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဟာ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြု ကော်မတီ ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
“ပြည်သူက ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လေးဦးပါတယ်၊ CDM လှုပ်ရှားတဲ့သူတွေပါတယ်၊ မြို့မိမြု့ဖတွေပါတယ်၊ လူငယ်တွေပါတယ်၊ ဥပဒေပညာရှင်တွေပါတယ်၊ အတက်နိုင်ဆုံးတော့ စုံအောင်ဖွဲ့ထားတယ်ပေါ့နော်၊ အခုဆိုရင်တော့ ဘီးလင်း၊ သထုံ၊ ပေါင်၊ ကျိုက်မရောမြို့နယ်တွေမှာတော့ ဖွဲ့ပြီးပြီ အဲလိုတော့ မြို့နယ်မြို့နယ်တွေက ဖွဲ့လာပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ၁၀ မြို့နယ်လုံးစုံသွားမယ်လို့ထင်တယ်”လို့ ပေါင်မြို့နယ်က NLD ပါတီ အနိုင်ရ ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောပါတယ်။
အခုလို ပြည်သူ့အုပ်ချုပ်ရေးကို ဖွဲ့စည်းရာမှာ ဒေသခံ တိုင်းရင်းသားတွေရဲ့ ကိုယ်စားပြုသူတွေကိုလည်း ထည့်သွင်းဖွဲ့စည်းဖို့ လိုအပ်တယ်လို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။
“နယ်မြေတစ်ခု မြို့နယ်တစ်ခု အစုအဖွဲ့မတူဘူးဆိုတဲ့ဟာက ပါဝင်သင့်ပါဝင်ထိုက်တဲ့သူ အမျိုးအစားလည်းမတူဘူးပေါ့နော်၊ တခြားတိုင်းရင်းသားကိုယ်စားပြုတွေ ပါဖို့အတွက် စဉ်းစားဖို့လိုလာတယ်ပေါ့၊ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေကို စနစ်တကျပြောဆိုဆွေးနွေးပြီးတော့မှ ဆောင်ရွက်တဲ့အစီအစဉ်မျိုး ဖြစ်စေချင်တယ်ပေါ့နော်၊ ဒေါင်လိုက်ဖြစ်နေတဲ့ အုပ်ချုပ်ရေးပုံစံမျိုးမဟုတ်ပဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီကို မျှော်မှန်းနေတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် အဲလိုမျိုးဖြစ်နိုင်ရင်တော့ ပိုကောင်းတယ်ပေါ့နော်”လို့ မွန်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် တွဲဘက်ညှိနှိုင်းရေးမှူး ဒေါ်ဇွန်ပန်းက ပြောပါတယ်။
အဆိုပါ အုပ်ချုပ်ရေးအဖွဲ့ရဲ့ သက်တမ်းကတော့ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးစာတမ်းပါ ပြဌာန်းချက်အတိုင်း (၆)လ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြို့နယ်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး နောက်ပိုင်းမှာ ရပ်ကျေးအဆင့် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေကို ဆက်လက် ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။
သတင်း – သံလွင်တိုင်းမ်