မော်လမြိုင် ၊စက်တင်ဘာ ၂၈
ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာဖို့အတွက် အဆင်သင့်ဖြစ်နေပြီးလို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာဖို့ကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာထားတာမရှိသေးပါဘူး။
မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ကြေညာချက်ထွက်လာတာနဲ့ မဲစာရင်းကပ်ထားကြေညာနိုင်အောင် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
“ပြည်ထောင်စုက သတ်မှတ်တဲ့နေ့ ကျွန်တော်ကြေညာပါမယ်။ အကုန်အသင့်လုပ်ထားပြီးသားပါ။ ကြေညာတဲ့နေ့ ထုတ်ပြီး ကြေညာရုံပါပဲ”လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။
ပထမအကြိမ်မဲစာရင်းမှာ ပြင်ဆင်ဖြည့်စွက်တာတွေ ရှိခဲ့တာကြောင့် ဒုတိယအကြိမ် မဲစာရင်းမှာ လူဦးရေ (၃)သောင်းဝန်းပျင် ပိုလာနိုင်တယ်လို့ ကော်မရှင်က ခန့်မှန်းထားပါတယ်။
ဒုတိယအကြိမ် မဲစာရင်းကိုတော့ မဲဆန္ဒရှင်ပြည်သူတွေ အွန်လိုင်းကနေတဆင့် ကြည့်နိုင်အောင် စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။
ပထမအကြိမ် မဲစာရင်းကိုတော့ ဇူလိုင်လ ၂၅ ရက်နေ့ကနေ သြဂုတ်လ ၁၄ ရက်နေ့ထိ ရက်ပေါင်း ၂၁ ရက်အထိ ကပ်ထားကြေညာခဲ့ပါတယ်။
ပထမအကြိမ် မဲစာရင်းအရတော့ မွန်ပြည်နယ်အတွင်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၆ သောင်း ဝန်းကျင် ရှိခဲ့ပါတယ်။ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာပြီးချိန်မှာတော့ မဲစာရင်းထဲမပါလို့ ပုံစံ (၃) နဲ့ ပြန်လျှောက်သူတွေ၊ အချက်အလက် မမှန်လို့ ပုံစံ (၄-ဂ) နဲ့ ပြင်ဆင်ဖြည့်စွတ်သူတွေအပြင် မဲစာရင်းမှာ ကွယ်လွန်ပြီးသူတွေ မဲပေးပိုင်ခွင့် မရှိသူတွေ ပါဝင်နေလို့ အထောက်အထားနဲ့တကွ ပုံစံ (၄)နဲ့ ကန့်ကွက်သူတွေ ရှိခဲ့ပါတယ်။
သတင်း -သံလွင်တိုင်းမ်