မော်လမြိုင် ၊ စက်တင်ဘာ (၉)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မဲဆွယ်စည်းရုံးမှုတွေဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ လမ်းညွှန်းမှုတွေကို သွေဖယ်နေတယ်လို့ အတိုက်အခံ ပါတီတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အင်အားကြီးနိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုဟာ စက်တင်ဘာလ (၈) ရက်နေ့မှာ စတင်ခဲ့ပါတယ်။
မဲဆွယ်စည်းရုံးရာမှာတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရာမှာဖြစ်ပြီး လူ(၅၀)ထက် ပိုမစုဝေးဖို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်မှာ စတင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာတော့ ပြည်သူတွေရဲ့ ဝန်းရံမှုဟာ သတ်မှတ်ထားတဲ့ လူဦးရေ (၅၀) ထက် ကျော်လွန်ခဲ့တာကြောင့် အတိုက်အခံပါတီတွေက အခုလို ဝေဖန်ပြောဆိုလိုက်တာပါ။
” ပွင့်ပွင့်လင်းလင်းပြောရရင် ချိန်ခွင်လျှာမညီဘူးလို့မြင်ပါတယ်၊ ကိုဗစ်စည်းမျဉ်းကိုမလိုက်နာဘဲနဲ့ မသိမသာကျော်နင်းနေတဲ့သူတွေ၊ ဖောက်ဖျက်နေတဲ့သူတွေအများကြီး၊ သူတို့က လုပ်ပိုင်ခွင့်ရှိသူတွေပဲ၊ ကိုဗစ်အတားအဆီးက ကျွန်တာ်တို့အတွက် မလိုက်ချင်လို့မဟုတ်ပေမယ့် အကွက်ချောင်းပြီး အပြစ်ရှာမယ်လို့ ခံစားရတယ်၊ လူစုလူဝေးနဲ့ကမ်ပိန်းလုပ်ဖို့ကျတော့ မထိရောက်ဘူး လူ ၅၀ နဲ့ဆိုတော့၊ လိုသူရှိတယ် မလိုသူရှိတယ် ဘယ်သူဝင်ပါ ကန့်ကွက်လို့မရဘူး၊ ဖျက်လိုဖျက်ဆီးသဘောဝင်လာရင် ကန့်သတ်ချက် ကျော်သွားရင် ကျွန်တော်တို့မှာလည်းတာဝန်ရှိတော့ သတိထားနေရတယ် ” လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ မွန်ပြည်နယ် ဥက္ကဌ ဒေါက်တာစိုးမောင်က ပြောပါတယ်။

လူမှုကွန်ယက်ပေါ်မှာ မြင်တွေ့ရတဲ့ NLD မဲဆွယ်စည်းရုံးရေးအပေါ် ပြည်သူတွေရဲ့ ဝန်းရံမှုဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို သွေဖယ်နေတယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့် ရှိသူ နိုင်လယိတမကလည်း ဆိုပါတယ်။
“လူမှုကွန်ယက်မှာ တွေ့သလောက်က သတင်းမှန်လား မှားလား မပြောလိုဘူး ။ သို့သော် အာ့ဒီအတိုင်း မဲဆွယ်တာက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့တော့ မကိုက်ညီဘူး”လို့ ပြောပါတယ်။
မဲဆွယ်စည်းရုံးရေးကို ပြည်သူတွေ ဝန်းရံရာမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ MLD ပါတီက အသိပေးကြေညာနေပေမယ့် ပြည်သူတွေရဲ့ ဝန်းရံမှုကို ထိန်းချုပ်ဖို့ ခက်ခဲတာကို တွေ့မြင်ရပါတယ်။
ဒါပေမယ့် ကော်မရှင်ရဲ့စည်းကမ်းချက်တွေကို ပါတီကြီးတွေက ပိုမိုလိုက်နာပြီး စံပြဆောင်ရွက်သင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမင်းမင်းနွယ်က ပြောပါတယ်။
” ကန့်သတ်လူဦးရေထက်ရော စည်းကမ်းနဲ့မလိုက်နာတာ တွေ့နေရတယ်၊ ရောဂါပိုးက တဖြည်းဖြည်းတိုးလာတော့ တော်တော်စိုးရိမ်ရတယ်၊ ပါတီကြီးတွေက စံပြဖြစ်သင့်တယ်၊ သူတို့ကိုယ်တိုင်က စည်းကမ်းထိန်းသိမ်းရေးကို လုပ်ကိုလုပ်သင့်တယ်၊ ခုက လူထုငြိုငြင်မှုတွေရှိသွားနိုင်တယ်လို့မြင်ပါတယ် ” လို့ ဆိုပါတယ်။
ကိုဗစ်ကာလ မဲဆွယ်စည်းရုံးရေးမှာ လူစူလူဝေးမဖြစ်စေဖို့အတွက် နိုင်ငံရေးပါတီတွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေက အိမ်တိုင်ရာရောက် မဲဆွယ်ဖို့နဲ့ လူမှုကွန်ယက်ကနေ မဲဆွယ်ဖို့ ပြင်ဆင်နေကြပါတယ်။
မဲဆွယ်စည်းရုံးရာမှာ ပြည်သူလူထုနဲ့ လက်ဆွဲနှုတ်ဆက်တာတွေ၊ ပွေ့ဖက်တာတွေမပြုလုပ်ဖို့ အပါအဝင် Social Distancing အရ အနည်းဆုံး ၆ ပေစီ နေရာစီမံဖို့နဲ့ လူ (၅၀)ထက်မပိုဘဲ စုရုံးဖို့ အစရှိတဲ့ စည်းကမ်းချက်တွေကို ကော်မရှင်က ထုတ်ပြန်ထားတာပါ။
သတင်း – သံလွင်တိုင်းမ်