မော်လမြိုင် ၊ ဩဂုတ် (၅)

ဩဂုတ်လ (၅)ရက်နေ့အထိ မွန်ပြည်နယ် ရွှေစျေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် (၁၃) သိန်းကျော်အထိ စံချိန်တင် စျေးနှုန်းမြင့်တက်နေတယ်လို့ မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

ဇူလိုင်လကုန်ပိုင်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် (၁၂) သိန်းဝန်းကျင် ရှိရာကနေ အခု ကျပ်(၁၃)သိန်း တစ်သောင်းကျော်အထိ စျေးနှုန်းမြင့်တက်ခဲ့တယ်လို့ မွန်ပြည်နယ်ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဝင်းက ပြောပါတယ်။

“အခုစျေးတက်သွားတာက ကမ္ဘာ့ရွှေအဝယ်လိုက်လို့လည်း ဖြစ်နိုင်သလို ငွေစျေးနဲ့ကမ္ဘာ့စျေးကွက်အပေါ်လည်း မူတည်တယ်။ ကမ္ဘာ့ရွှေစျေးတက်ရင် မြန်မာပြည်မှာလည်း လိုက်တက်ပေးရတယ်။ မတက်ပေးရင် မြန်မာပြည်က ရွှေကို ပြင်ပက ဝယ်သွားလိမ့်မယ်။ ဘက်ညီအောင် ပြန်တက်ပေးရတယ်”လို့ ဆိုပါတယ်။

အခုလို ရွှေစျေးနှုန်းမြင့်တက်လာတာကြောင့် ဝယ်သူထက် ရောင်းသူက ပိုများနေပြီး ဆိုင်ရှင်တွေက ချင့်ချိန်ပြီး ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။

“ဆိုင်သမားတွေက တက်တဲ့စျေးအတိုင်း ပြန်မဝယ်ပေးကြဘူး။ အတက်အကျ ကြမ်းတဲ့အပေါ်မှာ စျေးခွာပြီးတော့ ဝယ်တယ်။ ကြိုက်ရောင်း ကြိုက်ဝယ်ပဲ”လို့ ဒေါက်တာခင်မောင်ဝင်းက ဆိုပါတယ်။

ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ စတော့ရှယ်ယာစျေးတွေ ကျလာတဲ့အတွက် လုပ်ငန်းရှင်တွေဟာ ရင်းနှီးမြုပ်နှံထားတဲ့ ငွေတွေအစား ရွှေကို အစားထိုးဝယ်ယူလာတာကြောင့် အခုလို စျေးနှုန်းမြင့်တက်ခဲ့တာလို့ ရွှေရောင်းဝယ်သူတွေက သုံးသပ်ကြပါတယ်။

“ရွှေစျေးက တက်ရင်လည်း ခုန်တက်သွားတယ် ကျရင်လည်း ပက်ပက်စက်စက်ကျတယ်။ မော်လမြိုင်နဲ့ရန်ကုန်က သိပ်သည်းဆကို မူတည်ပြီးတော့ တစ်ကျပ်သားကို (၇)ထောင် (၈) ထောင်လောက် ကွာတယ်”လို့ ရွှေရောင်းဝယ်သူ ကိုစိုးနိုင်က ဆိုပါတယ်။

ကမ္ဘာ့ရွှေစျေးကွက်မှာတော့ ဇူလိုင်လကုန်ပိုင်းမှာ တစ်အောင်စကိ (၁၉၄၄) ဒေါ်လာ ရှိခဲ့ရာမှ ဩဂုတ်လ (၅)ရက်နေ့မှာတော့ (၂၀၁၆) ဒေါ်လာအထိ မြင့်တက်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.