ပြည်နယ်လွှတ်တော်တွင် အစိုးရအဖွဲ့၏မေးခွန်ဖြေကြားမှုမှာအားရကျေနပ်ဖွယ်မရှိဟု ကိုယ်စားလှယ်များမှဝေဖန်

မော်လမြိုင်၊ မတ် ၂

ဒုတိယအကြိမ်လွှတ်တော်ပုံမှန်အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများအပေါ် အစိုးရအဖွဲ့၏ပြန်လည်ဖြေကြားချက်များမှာ အားရကျေနပ်ဖွယ်မရှိဘူးဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့သည်။

အစိုးရသက်တမ်း(၃)နှစ်နီးပါးဖြစ်လာပေမယ့်လည်း မေးခွန်းများအပေါ်အစိုးရအဖွဲ့၏ ဖြေကြားချက်များသည် မြေပြင်အခြေအနေထိမရောက်သည်ကို ခံစားရကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက ပြောသည်။

“အစိုးရသက်တမ်းလဲ လာမယ့် ဧပြီလဆို ၃နှစ်ပြည့်ပြီ။ ကျွန်မတို့ကိုယ်စားလှယ်တွေ ဘယ်လိုပဲကြိုးစားဆောင်ရွက် ပြည်သူ့အသံကိုနားထောင်ပေမယ့်လည်း အစိုးရရဲ့ဖြေကြားချက်တွေက မြေပြင်ထိမရောက်ဘူးလို့ ကျွန်မတော့ခံယူရတယ် ဖြေတဲ့အဖြေက တိကျတယ် မြေပြင်အခြေအနေနဲ့တစ်ပြေးညီဖြစ်တယ်ဆိုလို့ရှိရင် ကျွန်မတို့လွှတ်တော်ကိုယ်စားလှယ်တွေ ကျေနပ်ပါတယ် ဆက်စပ်မေးခွန်းဖြစ်လာစရာလည်းမရှိဘူး “ ဟု ဒေါ်တင်အိက ပြောသည်။

မေးခွန်းများကို လိုရင်းတိုရှင်းရေး၍ အစိုးရအဖွဲ့ထံ ဆယ်ရက်ကြိုတင်ပေးပို့ထားသည့်အတွက် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအနေဖြင့် သက်ဆိုင်ရာဌာနတွေက ရေးပေးထားသည့််အဖြေများကို ဖြေဆိုခြင်းမပြုဘဲ ကိုယ်တိုင်လေ့လာစေချင်တယ်ဟု သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“ကျွန်မတို့က မေးခွန်းဆယ်ရက်ကြိုပို့ရတယ် အောက်ကရေးထားပေးတဲ့အတိုင်းမဖြေစေချင်ပါဘူး စာနဲ့လည်းမဖြေစေချင်ပါဘူး ဝန်ကြီးတွေက ဌာနအများကြီးကိုင်ရတဲ့အတွက် အလုပ်အရမ်းရှုပ်ပါတယ် သို့သော် ကျွန်မတို့လွှတ်တော်ကြီးသည် အမြဲတမ်းကျင်းပနေတာမဟုတ်ပါဘူး လွှတ်တော်အချိန်မှာမေးတဲ့မေးခွန်းတွေကို ဂရုတစိုက်လုပ်ပြီးတော့ ဖြေစေချင်ပါတယ် “ ဟု ဆိုသည်။

ကိုယ်စားလှယ်များအနေဖြင့် အစိုးရအဖွဲ့၏ ဥပဒေအရအကောင်အထည်ဖော်မှုကို အားမရနေကြောင်းနှင့် အရေးယူဆောင်ရွက်ရမည့်ကိစ္စရပ်တွေကို ကွေ့ရှောင်ပြီးဖြေဆိုနေသည့်အတွက် ကိုယ်စားလှယ်များက မေးခွန်း ထပ်ကာထပ်ကာမေးနေရကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“ကျွန်တော်ထင်တာကတော့ သူတို့ရဲ့ဘာသာရပ်တွေအပေါ်မှာ လေ့လာနိုင်စွမ်းအားနည်းလို့ထင်တယ် ကွင်းမဆင်းတာလည်းဖြစ်နိုင်တယ် နောက်တစ်ချက်က သူတို့ကိုယ်တိုင်သွားပြီးတော့ စီမံခန့်ခွဲလို့မရတဲ့ကိစ္စကြောင့်လည်း ဖြစ်နိုင်တယ် ဥပဒေနဲ့ပတ်သက်ပီးအကောင်အထည်ဖော်တဲ့ပိုင်းတွေမေးလာတဲ့အခါ အနည်းဆုံးတော့ ဝန်ကြီးက ဥပဒေကိုနားလည်အရည်ကျိုပြီးသားဖြစ်ထားရမယ် အခုဖြစ်နေတာက အကောင်အထည်ဖော်တဲ့အပိုင်းကိုမေးလိုက်ရင် ဝန်ကြီးတွေက အဲ့တာနဲ့ပတ်သက်တဲ့အခြေအနေတွေကို မပိုင်နေဘူးဆိုတာ ကျွန်တော်တို့တွေ့တယ် “ ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

အစိုးရအဖွဲ့၏ဖြေကြားချက်အပေါ် အားမရခြင်းသည် လွှတ်တော်ကိုယ်စားလှယ်များ၏ စိတ်ခံစားချက်သာဖြစ်ပြီး ယခုကဲ့သို့ဖြစ်ရသည့် အကြောင်းရင်းကို ကိုယ်စားလှယ်များပဲ သိမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ကိုယ်စားလှယ်များ၏မေးခွန်းအပေါ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ဖြေကြားချက်မှာ တိကျမှုမရှိသည့်အတွက် မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၁၁၅)အရ ထပ်မံလျှောက်ထားမေးမြန်းရသည့်ကိစ္စ (၁၂)ကြိမ်မြောက်လွှတ်တော်ပုံမှန်အစည်းအဝေးတွင် နှစ်ကြိမ်တိုင်အောင် ဖြစ်ပွားခဲ့သည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်း ၃နှစ်အတွင်းတွင် ပုံမှန်အစည်းအဝေး (၁၂)ကြိမ် ၊ အထူးအစည်းအဝေး (၁) ကြိမ် နှင့် အရေးပေါ်အစည်းအဝေး (၂) ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။

သတင်းနှင့် ဓါတ်ပုံ – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.