မော်လမြိုင်၊ နိုဝင်ဘာ ၁၇

ဆောက်သန်းမြန်မာ အသင်းက ကစားသမားအသစ်များနှင့် ၎င်း၏အသင်းကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး စာချုပ်သစ်ချုပ်ဆိုရာတွင် မော်လမြိုင်မြို့မှ နောက်တန်းကစားသမားတစ်ဦးလည်း ပါဝင်ခဲ့သည်။

ဆောက်သန်းမြန်မာ အသင်းသည် လာမည့် ၂၀၁၇ခုနှစ်ရာသီသစ်အတွက် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များကို မော်လမြိုင်မြို့ရှိ ရာမညအားကစားကွင်းတွင် အိမ်ကွင်းအဖြစ် စတင်ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး မိမိမြို့၊ မိမိအိမ်ကွင်းတွင် ခြေစွမ်းပြခွင့်ရရှိမည်ဖြစ်သည့်အတွက် အတိုင်းမသိ ဝမ်းသာကြောင်း နောက်တန်း ကစားသမား နိုင်နိုင်က သံလွင်တိုင်းမ် သို့ပြောကြားသည်။

“ကျွန်တော့ကို အဆင့်ဆင့်ရွေးချယ်ခဲ့တယ်။ ကျွန်တော်က အရင်က University FC မှာ ကစားခဲ့ တယ်။ အခုဆောက်သန်းမြန်မာအသင်းနဲ့ (၂) နှစ်စာချုပ်ချုပ်ထားပြီးပြီ။ မော်လမြိုင်အိမ်ကွင်းမှာ မော်လမြိုင် ပရိတ်သတ်တွေအရှေ့မှာ ခြေစွမ်းပြရတော့မယ် ဆိုတော့ ရင်လည်းခုန်တယ် အတိုင်းမသိဝမ်းသာပါတယ်” ဟု ၎င်းကပြောကြားသည်။
southern-myanmar-fc
ဆောက်သန်းမြန်မာအသင်းသည် ဇေယျာရွှေမြေအသင်းမှ ကစားသမား(၆) ဦးနှင့် ရတနာပုံ၊ ဖုန်ကန်၊ တက္ကသိုလ် စသည့် အသင်းများက တစ်ဦးစီ စုစုပေါင်း ကစားသမား (၉) ဦးကို စာချုပ်သက်တမ်း(၂) နှစ်ချုပ် ဆိုခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့၏ ၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များအရ လာမည့် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ရခိုင်ယူနိုက်တက် အသင်းကို အဝေးကွင်းတွင် လည်းကောင်း၊ဇန်နဝါရီလ (၂၂) ရက်နေ့ တွင် ချင်းယူနိုက်တက်အသင်းကို အဝေးကွင်းတွင် လည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး မော်လမြိုင် အိမ်ကွင်းကိုမူ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် GFA အသင်းနှင့် ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း – TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.