ပေါင်၊ စက်တင်ဘာ ၂၇
ဆင်ဆာမဲ့ VDO၊ DVD ခွေများ ကူးယူရောင်းချနေမှုအား သထုံခရိုင်ရဲတပ်ဖွဲ့နှင့် ပေါင်မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ စက်တင်ဘာ ၂၇ရက်နေ့တွင် ပေါင်မြို့နယ်အတွင်း လိုက်လံဖမ်းဆီး အရေးယူခဲ့ကြပြီး တရားမဝင် ဆင်ဆာမဲ့ခွေများအပါအဝင် ခွေကူးစက်များကိုပါ သိမ်းဆည်းရမိထားကြောင်းသိရသည်။
“မုဒိမ်းမှုတွေ လျော့နည်းကျဆင်းအောင်ဆိုပြီး ညစ်ညမ်းဆင်ဆာမဲ့ခွေတွေကို ဖမ်းဆီးအရေးယူဖို့ မွန် ပြည်နယ်ရဲတပ်ဖွဲ့မှုးနဲ့ သထုံခရိုင်ရဲတပ်ဖွဲ့မှုးတို့က စီစဉ်ညွှန်ကြားချက်အရအခုလို လိုက်လံဖမ်းဆီး အရေးယူနေ တာပါ“ဟု ပေါင်မြို့နယ်ရဲတပ်ဖွဲ့ ခေတ္တရဲတပ်ဖွဲ့မှုး ဒုရဲမှုး မိုးကျော်ဦးက သံလွင်တိုင်းမ်သို့ပြောသည်။
သထုံခရိုင်ရဲတပ်ဖွဲ့မှုးရုံးှ မှုခင်းအကူဌာန မှရဲအုပ်အောင်သူနှင့် တပ်ဖွဲ့ဝင်များ၊ မုတ္တမ နယ်မြေရဲစခန်း နယ်ထိန်းတပ်ဖွဲ့ဝင်များသည် သက်သေလူကြီးများနှင့်အတူ မုတ္တမ မြင်းတပ်ရပ်ရှိ အောင်ဝင်း၅၂ နှစ် (ဘ) ဦးတင်ရှိန် ၏ နေအိမ်သို့ စက်တင်ဘာ ၂၇ ရက်နေ့ မနက် ၁၁ နာရီခွဲ အချိန်တွင် ကြိုတင်သတင်းအရ ဝင် ရောက်ရှာဖွေခဲ့ကြစဉ် DVD သုံးပြားကူး၍ရသော စက်တစ်လုံး၊ DVD ၁၀ချပ် ကူး၍ ရသောစက်တစ်လုံး၊ ကွန်ပြူတာ ၁ လုံး Epson အမျိုးအစား ပရင်တာ အနက်ရောင်တစ်လုံးမြန်မာဇာတ်လမ်းကူးခွေ ၄၂၀၊ မြန်မာ သီချင်းကူးခွေ ၁၂၅၀ ချပ်၊ နိုင်ငံခြားဇာတ်လမ်းခွေ ၃၀၀၊ နိုင်ငံခြားသီချင်းကူးခွေ ၅၇၀၀ ချပ် စုစုပေါင်းတန်ဘိုး ၁၅ သိန်းကျော်ရှိ ခွေများအားသိမ်းဆည်းရမိခဲ့ကြောင်း ထိုသို့ဖမ်းဆီးရမိခြင်းအား ရဲအုပ်အောင်သူမှ တရား လိုပြုလုပ်တိုင်တန်းချက်အရ မုတ္တမရဲစခန်း၏ (ပ) ၁၀၂/ ၂၀၁၆ ရုပ်မြင်သံကြားနှင့် ဗွီဒီယို အက်ဥပဒေပုဒ်မ ၃၂က/ ၃၂ခ/ ၃၆ တို့အရ မုတ္တမ မြင်းတပ်ရပ်နေ အောင်ဝင်းကို အရေးယူထားကြောင်း ရဲမှတ်တမ်းအ ရသိရ သည်။
ထို့အပြင် ပေါင်ရဲစခန်းမှ ရဲအုပ်သက်စိုးဦးနှင့် နယ်ထိန်းတပ်ဖွဲ့မှလည်း စက်တင်ဘာ ၂၇ ရက်နေ့ညနေ ၃ နာရီအချိန်က ပေါင်မြို့မဈေးအခန်းအမှတ် ၅၅/၅၆ တွင် အလှကုန်ပစ္စည်း ရောင်းချနေသည့် အောင်မိုး(ခ) ရာချင်းဒရား ၃၁ နှစ်၏ ဆိုင်သို့ဝင်ရောက်ရှာဖွေခဲ့စဉ်စက္ကူပုံးနှင့် ထည့်ထားသည့် ဆင်ဆာမဲ့ခွေများစုစုပေါင်း ၂၁၄ ချပ်ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ပေါင်ရဲစခန်း (ပ) ၂၀၀/ ၂၀၁၆ ရုပ်မြင်သံကြားနှင့် ဗီဒီယိုအက် ဥပဒေပုဒ်မ ၃၂က/၃၂ခ/ ၃၆ တို့အရ ပေါင်မြို့ဘုရားကြီးလမ်း၊ ဗလီတန်းလျားနေ အောင်မိုး(ခ) ရာချင်းဒရားကို အမှုဖွင့်အရေးယူထားပြီး ဒုရဲအုပ်အောင်မိုးကျော်မှ အမှုအားစစ်ဆေးနေကြောင်းရဲစခန်းသို့ သတင်းမေးမြန်း သိရသည်။
သတင်း – ဝရဇိန်(ပေါင်)