ရေး ၊ ဇူလိုင် ၁၃

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ၄ ရက်ကြာ ကျန်းမာရေးစောင့်ရှောက်မှုများပေးရန်ရှိနေပြီး လက်ရှိအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ ပြည်သူပေါင်း ၄၀၀၀ ကျော်ခန့် ဆေးကုသရန် စာရင်းပေးသွင်းထားပြီးဖြစ်သည်ဟု သိရသည်။

army-medic-supporter

“ ၄၀၀၀ ကျော်လောက် စာရင်းပေးထားပြီလို့သိရတယ်၊ အဖွဲ့တွေခွဲပြီးကုသမှုတွေကို သတ်မှတ်နေရာအလိုက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေပေးသွားမှာပါ၊ ကျွန်တော်တို့ရပ်ကွက်အနေနဲ့ကတော့ ကုသချင်တဲ့ သက်ကြီးဘိုးဘွားတွေကို လိုအပ်လာရင် အိမ်တိုင်ရာရောက် လိုက်လံကြိုပြီးတော့ ကုသတဲ့နေရာရောက်အောင် ကူညီပို့ဆောင်ပေးမှာပါ ” ဟု ရန်မျိုးအောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဦးက သံလွင်တိုင်းမ်သို့ ပြောသည်။

အဆိုပါ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့တွင် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများအပါအဝင် စုစု ပေါင်း ၈၅ ဦးပါဝင်ပြီး ရွေ့လျားခွဲစိတ်ကုသယာဉ်၊ ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်နှင့် ဓာတ်ခွဲယာဉ်တို့ပါဝင် ကြောင်း၊ ကုသမှုအနေဖြင့် ဇူလိုင် ၁၁ ရက်မှ ၁၄ ရက်အထိ သံဖြူဇရပ်မြို့နယ်၊ ဇူလိုင် ၁၅ ရက်မှ ၁၈ ရက်ထိ ရေးမြို့နယ်နှင့် ဇူလိုင် ၁၉ ရက်မှ ၂၂ ရက် ထိ သထုံမြို့နယ်တို့တွင် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

“ ဒီလိုမျိုးဆရာဝန်ကြီးများနဲ့ဝန်ထမ်းအင်အားများများ၊ စက်ကိရိယာတွေအများကြီးနဲ့ ရေးမှာ ကုသမှုပေးတာ အရင်ကတော့ မကြားဖူးသေးဘူူး၊ ခုလို အောက်ခြေအထိဆင်းပြီး ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံပြီးတော့ စောင့်ရှောက်မှုပေးတာ အရမ်းကို ဝမ်းသာပါတယ်၊ ကျေးဇူးလဲတင်ပါတယ် ” ဟု ရန်ကြီးအောင်ရပ်ကွက်၊ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးတင်ဦးက ၎င်း၏အမြင်ကို သံလွင်တိုင်းမ်သို့ ပြောသည်။

ရေးမြို့နယ်အတွင်း ကုသပေးမှုအနေဖြင့် ပင်မအဖွဲ့နှင့် အဖွဲ့(၁)၊ (၂)၊ (၃)ဟူ၍ ခွဲခြားထားပြီး ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရေးမြို့စ-က-ခ(၁၉)တပ်နယ်ခန်းမ၌ ပင်မအဖွဲ့က ဇူလိုင်လ ၁၅ ရက်နေ့တွင် ရန်ကြီးအောင်၊ ရန်မျိုးအာင်ရပ်ကွက်နှင့် ချောင်းတောင်ကျေးရွာ၊ ၁၆ရက်နေ့တွင်အောင်မေတ္တာ၊ အောင်သုခနှင့် အောင်မင်္ဂလာရပ်ကွက်၊ ၁၇ ရက်နေ့တွင် သီရိခေမာ၊ သီရိဇေယျာ၊ သီရိမာလာနှင့် သီရိနန္ဒာရပ်ကွက်များတို့ရှိ ပြည်သူများကိုလည်းကောင်း၊ ဇူလိုင်လ ၁၈ ရက်နေ့တို့တွင်လည်း ကျန်ရှိသည့် လူနာများကိုလည်းကောင်း နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ကုသပေးသွားမည်ဖြစ်သည်။

ထို့ပြင် ကျေးရွာများတွင် ကုသရေးအဖွဲ့များခွဲကာ ဇူလိုင်လ ၁၅ ရက်နေ့တွင် လမိုင်း၊ ခေါဇာနှင့် ကျောင်းရွာ ကျေးရွာတို့တွင်လည်းကောင်း၊ ၁၆ ရက်နေ့တွင် လမိုင်းမြို့၊ သောင်ပြင်ကျေးရွာ၊ ခေါဇာမြို့၊ အစင်ကျေးရွာ တို့တွင်လည်းကောင်း၊ ၁၇ ရက်နေ့တွင် သောင်ပြင်ရွာ၊ ကိုရင်လေးကျောင်း၊ အစင်ကျေးရွာတို့တွင်လည်း ကောင်း၊ ၁၈ ရက်နေ့တွင် အစင်ကျေးရွာတို့တွင်လည်းကောင်း ကုသမှုများပြုလုပ်ပေးမည်ဖြစ်သည်။

သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများက ကုသလိုသည့်ပြည်သူများထံ စာရင်းများ လိုက်လံကောက်ယူလျက်ရှိနေပြီး ဆက်လက်ကုသလိုသည့်သူများရှိပါကလည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ကတဆင့် စာရင်းပေးသွင်းကုသနိုင်ကြောင်းလည်း သိရှိရသည်။

သတင်း – ရဲနိုင်ဦး (ဓါတ်ပုံ – All Knows) တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့တွင်ပါဝင်မည့်ယာဉ်တစ်စီး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.