၂၀၁၅ ခုနှစ် နှစ်မကုန်မီကာလအတွင်း ကျင်းပဖွယ်ရှိသည့် နဝမအကြိမ်မြောက် မွန်ပြည်သစ်ပါတီ ကွန်ဂရက်အတွက် မွန်ပြည်သူများ၊ မွန်လူမှုအဖွဲ့အစည်းများထံမှ အကြံပြုချက်များကို အောက်တိုဘာလမှစတင်ကာ ကွင်းဆင်းရယူနေကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တာဝန်ရှိသူထံမှ သိရသည်။
“ပြည်သူတွေ ဘယ်လိုအကြံပြုမလဲဆိုတာ ရွာတွေအလိုက် ကွင်းဆင်းရယူနေပါတယ်။ ဒါ့အပြင် NCA လက်မှတ်မရေးထိုးရတဲ့ အကြောင်းအရင်းတွေ၊ စာချုပ်ပါအချက်တွေကိုလည်း ပြည်သူတွေ သိအောင် ရှင်းပြပေးနေပါတယ်” ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥ က္ကဋ္ဌ နိုင်အောင်မငေးက ပြောသည်။
ပြည်သူများ၏အကြံပြုချက်များအပြင် စိတ်ကြွမူးယစ်ဆေးဝါး တားဆီးရေးနှင့် ပတ်သက်ပြီး မိမိတို့၏ ဆောင်ရွက်နေမှုများ၊ ပြည်သူများ၏ ပူးပေါင်းပါဝင်ပေးနိုင်မှုများကို စည်းရုံးလှုံ့ဆော်ပေးနေလျက်ရှိကြောင်း NCA လုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း အဆင့်အလိုက် လုပ်ဆောင်ရမည်ကို ရှင်းလင်း နေကြောင်းလည်း ၎င်းက ပြောသည်။
နိုင်အောင်မငေးက “ဖြစ်စဉ်တွေအားလုံးမှာ ပြည်သူတွေပါဝင်စေချင်ပါတယ်။ မိမိတို့ရဲ့ သဘောထား ရပ်တည်ချက်တွေကိုလည်း တစ်ရွာချင်းစီအလိုက် အသေးစိတ် လိုက်လံရှင်းလင်း ပြသပေးနေပါတယ်။ ပြည်သူတွေရဲ့ သဘောထားကို ရယူသွားမယ်”
လမိုင်းမြို့နေပြည်သူတစ်ဦးက “မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ထားဝယ်ခရိုင်အတွင်းမှာ ကြပ်ကြပ်မတ်မတ် တားဆီးကာကွယ်မှုတွေ လုပ်နေသလို ဆေးစွဲနေတဲ့သူတွေကို ဆေးဖြတ်ပေးနေတာတွေ ရှိပါတယ်၊ ပြန်စဉ်းစား လိုက်ရင်တော့ စွမ်းနိုင်သမျှ ပါဝင်ကူညီပေးနေတဲ့သဘောလို့မြင်ပါတယ်။ ခုလို ပြည်သူတွေရဲ့သဘောထား ရယူနေတာကလည်း အလွန်ကောင်းမွန်တဲ့လုပ်ရပ်ပါ ” ဟု သုံးသပ်သည်။
မွန်ပြည်သစ်ပါတီ၏ နဝမအကြိမ် ပါတီကွန်ဂရက်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပရန် စီစဉ်လျက်ရှိပြီး အဆိုပါကွန်ဂရက်ကို ၄ နှစ်လျှင် တစ်ကြိမ် ပုံမှန်ကျင်းပလျက်ရှိနေကြောင်းလည်း သိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.